Blog Archive

Saturday, January 16, 2021

တတိယဘုရားသခင် Bitcoin ၂။” (တုန်ခါလှိုင်းတို့ရဲ့အရင်းအမြစ်ကဘယ်မှာလဲ)ကလောင်ရှင်-ကိုညီညီတောင်ကြီး

 “တတိယဘုရားသခင် Bitcoin ၂။” 

(တုန်ခါလှိုင်းတို့ရဲ့အရင်းအမြစ်ကဘယ်မှာလဲ)


         ပင်လယ်မှန်ရင် လှိုင်းရှိတယ်။ ရေလှိုင်းမှန်ရင် ရိုက်ခတ်စမြဲ။ ဒီလိုဆိုရင် ငွေကြေးလှိုင်းကရော၊ ရိုက်ခတ်တာပါပဲ။ ရေလှိုင်းက ကမ်းစပ်ထံက မခွာနိုင်ဖြစ်ဦးမယ်။ ငွေ‌ကြေးလှိုင်းကတော့ တခါတလေ အမာခံဆိုတဲ့ကမ်းခြေကို ဆူနာမီလိုရိုက်ခတ်ဝါးမျိုလိုက်တတ်တာကြောင့် လူတွေက စိုးရိမ်ကြတယ်။ 


          အမှန်တကယ်လည်း တတိယဘုရားသခင်လို့ပြောနေတဲ့ ဒစ်ဂျစ်တယ်ငွေကြေး-Bitcoin ဟာ ငြိမ်နေရင်ကောင်းတယ်။ လှိုင်းကြက်ခွပ်လေးလောက်သာ လှုပ်နေရင်ကောင်းတယ်။ ကြမ်းလာပြီဆိုတဲ့အခါ အမေရိကန်ရင်းနှီးမြှုပ်နှံမှုဈေးကွက်မှာ အဖြေမရတဲ့မေးခွန်းတွေနဲ့ ပွဲစားတွေ၊ ကုမ္ပဏီတွေအလုပ်ရှုတ်ကြရတယ်။


         Bitcoin ရဲ့ ၂ဝ၂ဝ ဒီဇင်ဘာရဲ့အမြီးခတ်မှု (အမြီးတောင်မှ ထောင်နေတဲ့အမြီး-Upward Trend Curve) ဟာ ၂ဝ၂၁ ဇန်နဝါရီရဲ့နဂါးမျက်နှာကျက်ကိုတက်ဆောင့်တယ်။ နဂါးမျက်နှာကျက်လို့ပြောရတာအကြောင်းရှိတယ်။ ကမ္ဘာ့စီးပွားရေးမှာ အမေရိကားထိပ်ဆုံးလို့ ပြောပေမဲ့ ကမ္ဘာ့ကုန်လှောင်ရုံ၊ ကမ္ဘာ့စက်ရုံ၊ ကမ္ဘာ့ကုန်သွယ်မှုတွေရှိတဲ့ တရုတ်နိုင်ငံကိုချန်လှပ်ထားလို့မရပေဘူး။


          အနောက်နိုင်ငံကဘာလုပ်လုပ် သူ သိနေတယ်။ အနောက်နိုင်ငံကဘာထွင်ထွင် သူ နည်းပညာရတယ်။ သူတို့ထက်အိန္ဒြေရတာက ဂျပန်၊ တောင်ကိုးရီးယား စတဲ့ စီးပွားရေးကျားကြီးတွေကိုပါထည့်တွက်ပြီး ဗီယက်နမ်၊ ထိုင်ဝမ်၊ မကာအို နဲ့ ဟောင်ကောင်းတို့အပါအဝင် အားလုံးကို နဂါးလို့တင်စားလိုက်တာဖြစ်တယ်။ ဒါဆိုရင် မြေထဲပင်လယ်ထဲကနိုင်ငံတွေရော၊ ဆာဟာရသဲကန္တာရအနီးတဝိုက်က ရေနံနဲ့ချမ်းသာတဲ့နိုင်ငံတွေရော မပါဘူးလားလို့ မေးခွန်းတွေမေးကြလိမ့်မယ်။


          NYSE, FTSE, TSE တို့မှာသာ စ‌တော့ဈေးကွက်တွေရှိကြတာမဟုတ်ဘူး။ အာရှမှာလည်း အာရှအလျောက်ရှိကြတယ်။ ဒါပေမဲ့ အရှေ့ကမ္ဘာမှာဈေးဖွင့်ချိန်ဟာ အနောက်ကမ္ဘာက အိပ်နေတယ်။ အနောက်ကမ္ဘာမှာရောင်းဝယ်နေချိန်မှာ အရှေ့ကမ္ဘာက အိပ်စက်အနားယူနေတယ်။ ဒါ့အပြင် တစ်ပတ်မှာ ငါးရက်၊ တစ်ရက်ကို ရှစ်နာရီ၊ စနေ တနင်္ဂနွေကိုအလုပ်ပိတ်၊ အရောင်းအဝယ်မလုပ်ဘဲ နားကြရသေးတယ်။ ဒီလို စည်းနဲ့ကမ်းနဲ့လမ်းညွှန်ချက်တွေ၊ လိုက်နာဖို့ ရှောင်ကျဉ်ဖို့ကိစ္စတွေကို ဆူနာမီတိုက်လိုက်တာက‌တော့ Bitcoin Wave ဖြစ်ပါတယ်။


          အမှန်တကယ်ပါပဲ။ အခုနောက်ပိုင်းမှာ Bitcoin ဈေးပြောင်းတာကို နေ့ရက်‌နဲ့ပြောလို့မရတော့ဘူး။ အပေါ်ကရှင်းပြခဲ့သလို နေ့နဲ့ညလွဲနေတာကြောင့် အချိန်နဲ့ပြောကြရတယ်။ ဇယားကွက်နဲ့ ပြောကြရတယ်။ ၂ဝ၂၁ ထဲလည်း ဝင်လာရော Bitcoin ရဲ့ဈေးက အမြဲတမ်းလိုလို အနောက်နိုင်ငံသားတွေအိပ်တဲ့အချိန်မှာတက်တာကို သတိထားမိတယ်။ ကျတယ်ဆိုရင်လည်း စိတ်ဆင်းရဲကြရတယ်။


          ဆိုလိုတာက အမေရိကားက ပွဲစားတစ်ယောက်၊ ငွေပိုငွေလျှံရှိလို့ အမြတ်ရချင်တဲ့သာမန်လူတစ်ယောက်ဟာ လှပတဲ့ညနေခင်းတစ်ခုမှာ Bitcoin တစ်ယူနစ်ကို ၂၈ဝဝဝ ဒေါ်လာနဲ့ဝယ်ပြီးအိပ်‌ပျော်သွားတယ်ဆိုပါစို့။ နောက်တစ်မနက်အိပ်ယာထတဲ့အခါ မျက်နှာမသစ်ရသေး၊ အိမ်သာမတက်‌ရသေး Bitcoin ဈေးက ၃၃ဝဝဝ ဖြစ်နေပြီ။ အိပ်နေရင်းနဲ့မြတ်နေတာက Bitcoin ။


          အမြဲတမ်းမြတ်နေတာလားဆိုတော့ မဟုတ်သေးဘူး။ အေးအေးဆေးဆေး ရေခဲတုံးပေါ်မှာထိုင်နေတာ၊ ‌‌ရွှေအိုးကြီးကိုင်ထားတာ၊ တက်ရိပ်ရှိလို့ ဝင်ကစားတာလို့ မိန်းမကိုပြောပြီး လှပတဲ့ညနေခင်းတစ်ခုမှာ Bitcoin တစ်ယူနစ်ကို ၂၈ဝဝဝ ဒေါ်လာနဲ့ဝယ်ပြီး မနက်ကျတော့ ၂၃၅ဝဝ ပဲကျန်တာလည်း ဖြစ်ကြတာပါပဲ။ ဒါကြောင့် အိပ်နေရင်းနဲ့ရှုံးတာက Bitcoin ။


          ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့စည်းမျဉ်းစည်းကမ်းနဲ့လုပ်ရတဲ့ Institution တွေက Bitcoin သုံးစွဲသူတွေကိုခြေရာမခံနိုင်တာ၊ ဝန်ဆောင်ခပေးရသေး သတင်းပို့ရသေး ဗဟိုချုပ်ကိုင်မှုဒဏ်ကိုခံရသေး စတဲ့ဒဏ်တွေကနေ ကင်းလွတ်တာ၊ ယုံကြည်မှုမရှိလေလေ လုပ်ရကိုင်ရတာလွတ်လပ်လေလေဖြစ်နေတာတွေက အခြေခံအကြောင်းတရားတွေပါ။ 


          ၂ဝ၂ဝ ခုနှစ်ရဲ့ Bitcoin တုန်ခါမှုအရင်းအမြစ်တွေကိုစဉ်းစားကြည့်ရင် Fed လို့ခေါ်တဲ့ မြေပေါ်ရင်းနှီးမြှုပ်နှံမှုသူဌေးကြီးတွေက မြေအောက်မှာလှုပ်ရှားဖို့အခြေတည်ခဲ့တဲ့ Bitcoin ကို မသိမသာရင်းနှီးမြှုပ်နှံရာကနေစလို့ ဒေါ်လာငွေ သန်းရာနဲ့ချီတဲ့ ပေါ်ပေါ်တင်တင်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာခဲ့တာကြောင့် သိသူဖော်စားသမျှ မသိသူတွေကျော်သွားခဲ့ကြတဲ့ ပွပေါက်တိုးပွဲကြီးတစ်ခုဖြစ်ခဲ့တာပါ။ ဒီကြားထဲ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား Day Trader တွေကပါ တပျော်တပါးကြီးပါဝင်ဆင်နွဲကြတယ်။ 


           နေဗယ်ရာဗစ်ခန့် ပြောတဲ့စကားတွေက ခေတ်နဲ့လျော်ညီသလို အမှောင်နဲ့အလင်း၊ နေ့နဲ့ည၊ နေဝင်ချိန်နဲ့နေထွက်ချိန်အားလုံးတို့ရဲ့ တစ်ရက် ၂၄ နာရီ၊ တစ်သီတင်းပတ်မှာ ၇ ရက်၊ ပေးသူနဲ့ယူသူ၊ ယုံကြည်သူနဲ့မယုံကြည်သူ၊ ရောင်းသူနဲ့ဝယ်သူတို့ ကမ္ဘာမခြား အင်တာနက်ရဲ့အားနဲ့ နေ့မအားညမအား 24/7 စီးပွားရှာကြတာကတော့ တုန်ခါလှိုင်းတို့ရဲ့အရင်းအမြစ်ကိုဖြစ်ပေါ်စေခဲ့တဲ့ Bitcoin သာ တရားခံဖြစ်ပါတယ်။


          သူပြောထားတာက 

*.. Bitcoin ဟာ ဘဏ်လိုငွေရှင်ကြေးရှင်တို့ရဲ့ထွက်ပေါက်ဖြစ်တယ်


*.. ဗဟိုထိန်းချုပ်မှုကင်းမဲ့တာဟာ ဝေါစထရိရဲ့ထွက်ပေါက်ဖြစ်တယ်


*.. လူမှုကွန်ယက်ဟာ သတင်းမီဒီယာရဲ့ထွက်ပေါက်ဖြစ်တယ်


*.. အိမ်ကနေကျောင်းတက်တာဟာ သင်နေကျပညာရေးရဲ့ထွက်ပေါက်ဖြစ်တယ်


*.. အဝေးကလှမ်းအလုပ်လုပ်တာဟာ မနက် ၉ နာရီသွား၊ ညနေ ၅ နာရီပြန်တဲ့အလုပ်ရဲ့ထွက်ပေါက်ဖြစ်တယ်


*.. တီထွင်တတ်တဲ့စီးပွားရေးဟာ ဝန်ထမ်းဖြစ်ခြင်းရဲ့ထွက်ပေါက်ဖြစ်တယ်


*.. လူတွေဟာ စည်းကမ်းသတ်မှတ်ချက်တွေကို စွန့်ခွာနေကြတယ်


"Bitcoin is an exit from the Fed.


DeFi is an exit from Wall Street.


Social media is an exit from mass media.


Homeschooling is an exit from industrial education.


Remote work is an exit from 9-5. 


Creator economy is an exit from employment.


Individuals are leaving institutions."


― Naval Ravikant 


ခင်လျက်

ကိုညီညီ (တောင်ကြီး)

01-04-2021

No comments:

Post a Comment

SNGX

 The future outlook for Soligenix (SNGX) stock is mixed with both potential upside and high risks. Here's an overview of what analysts ...

Labels